ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တွင် ကျင်းပခဲ့သည့် “(၁၉) ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံ” သို့ တက်ရောက်

နေပြည်တော်၊ အောက်တိုဘာ ၁၅

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သည့် “(၁) ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံ” သို့ တက်ရောက်ပါရန် မလေးရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ် တရားသူကြီးချုပ် The Rt. Hon. Tun Tengku Maimun Binti Tuan Mat ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံ

အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံကို ၁၉၈၅ ခုနှစ်မှစ၍ (၂) နှစ်လျှင်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး၊ ယင်းအစည်းအဝေးသို့ အာရှနှင့်ပစိဖိတ်နိုင်ငံများမှ တရားသူကြီးချုပ်များနှင့် တရားစီရင်ရေးအကြီးအကဲများ တက်ရောက်၍ တရားစီရင်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးကြပါသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အာရှနှင့်ပစိဖိတ်ဒေသနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်လျက်ရှိရာ  ဤညီလာခံသို့ တက်ရောက်ခြင်းဖြင့် ဒေသတွင်းရှိ တရားသူကြီးချုပ်များ၊ တရားစီရင်ရေးအကြီးအကဲများနှင့် အမြင်ချင်းဖလှယ်ပြီး၊ မိမိတို့နှင့်သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့သည်။

ကြိုဆိုဧည့်ခံပွဲသို့တက်ရောက်ခြင်း

အောက်တိုဘာလ ၁၁ ရက်နေ့ညပိုင်းတွင် ရှန်ဂရီလာ ကွာလာလမ်ပူဟိုတယ်၌ ကျင်းပခဲ့သည့် “(၁) ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံ” သို့တက် ရောက်လာသည့် ဧည့်သည်တော်များအား မလေးရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ် တရားသူကြီးချုပ် The Rt. Hon. Tun Tengku Maimun Binti Tuan Mat က ကြိုဆိုဧည့်ခံပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတက်ရောက်ခြင်း

“(၁) ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံ”ကို မလေးရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ် နှင့် LAWASIA အဖွဲ့အစည်းတို့ပူးပေါင်း၍ အောက်တိုဘာလ ၁၁ ရက်နေ့ မှ ၁၃ ရက်နေ့ အထိ ရှန်ဂရီလာ ကွာလာလမ်ပူဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံပေါင်း ၂၉ နိုင်ငံမှ တရားသူကြီးချုပ်များ၊ တရားသူကြီးများ စုစုပေါင်း ၉၅ ဦးတက်ရောက်ခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာကြသော ၂၉ နိုင်ငံမှ တရားသူကြီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့များက တရားစီရင်ရေးနှင့်ဆက်နွယ်သော ဘာသာရပ်များကို ဆွေးနွေးကြသည်။ ညီလာခံတွင် အဓိကအားဖြင့် လျှင်မြန်စွာပြောင်းလဲနေပြီး လုံခြုံမှုနည်းပါးလာသည့် ကမ္ဘာကြီးတွင် တရားဥပဒေ  စိုးမိုးရေးအပေါ် ယုံကြည်မှုထိန်းသိမ်းရေးနှင့် လေးစားရေး၊ တရားစီရင်ရေးဆိုင်ရာ ပြည့်စုံ ကောင်းမွန်မှု၊ တရားရုံးများအတွက် ဉာဏ်ရည်တု AI နည်းပညာကပေးသည့် အကျိုးကျေးဇူးများ၊ တရားရုံးများအတွက် ဉာဏ်ရည်တု AI နည်းပညာကြောင့် ဖြစ်ပေါ်လာသည့် (သက်သေခံချက်၏ တည်တံ့ခိုင်မြဲမှုနှင့်စပ်လျဉ်းသည့် ပြဿနာများအပါအဝင်) စိန်ခေါ်မှုများ၊ ဉာဏ်ရည်တု AI ခေတ်တွင် ဥပဒေဖြင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းအား စည်းကမ်းထိန်းသိမ်းခြင်း၊ ရှေ့နေရှေ့ရပ်များအား သင်ကြားပေးခြင်းနှင့်စပ်လျဉ်း၍ တရားရုံးများ၏အခန်းကဏ္ဍ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများနှင့် နိုင်ငံဖြတ်ကျော်ဖြစ်ပွားလျက်ရှိသည့် ကိစ္စရပ်များနှင့် လူမှုမီဒီယာ အပါအဝင်တရားရုံးများနှင့် မီဒီယာအကြောင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါညီလာခံသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။