ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၆ 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြေသည့်ရေမြေဖြစ်ထွန်းစေရန်၊ ကောင်းမွန်မျှတသည့် ရာသီဥတုဖြစ်ပေါ်စေရန်နှင့် အရိပ်အာဝါသရရှိစေရန်ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇:၃၀ နာရီအချိန်တွင် ဘောဂသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူ့ကျက်သရေလမ်းနှင့်ရွှေကြာပင် လမ်းထောင့်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးတရားရုံးများ တည်ဆောက်မည့်မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများတက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်များကိုဦးဆောင် စိုက်ပျိုးပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားခရိုင်တရားရုံး၊ လယ်ဝေးခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများမှတရားသူကြီးများ၊ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများက ရတနာတန်းဝင် ကျွန်းပင်စုစုပေါင်း ၂၅၂ ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။