ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဝန်ထမ်းမိသားစုများက အလှူငွေနှင့် စားသောက်ဖွယ်ရာများလှူဒါန်းရန် ပြင်ဆင်ဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် ၂၃

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရဲဝံ့စွာ စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို စေတနာရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအသီးသီးမှဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများပေးပို့လှူဒါန်းလျက်ရှိရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဝန်ထမ်းမိသားစုများကလည်း ပါဝင်လှူဒါန်းရန်အတွက် မွန်မြတ်သည့်စိတ်စေတနာဖြင့် စုပေါင်းချက်ပြုတ်ကြော်လှော်ကြပြီး ကိုယ်တိုင်စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်ထုပ်ပိုးနေမှုများကို ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက ယနေ့နံနက်တွင် လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဝန်ထမ်းမိသားစုများအနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေး၊ အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးတာဝန်ကို ထမ်းဆောင်နေသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ ဘာလချောင်ကြော်၊ ငါးနီတူခြောက်ကြော်၊ နန်းမြိုင်ကော်ဖီမစ်ထုပ်၊ အသင့်စားခေါက်ဆွဲခြောက်ထုပ်၊ လက်ဖက်အကြော်ထုပ်၊ ငါးပိထောင်းဗူး၊ မြေပဲဆားလှော်၊ ပုန်းရည်ကြီး စသည့် စားသောက်ဖွယ်ရာ ၁၃ မျိုးနှင့် လှူဒါန်းငွေ ကျပ်သိန်း ၅၀ အား နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် “ပြည်ချစ်သားမွန်၊ မေတ္တာစာသဝဏ်” စာတမ်းဖြင့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံပေးစာ စာအရေးအသားပြိုင်ပွဲကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စုဝေးခန်းမ၌ ကျင်းပပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အမြဲတမ်းအတွင်းဝန်က ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။