ပြည်‌ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ

နေပြည်တော်၊ သြဂုတ် ၂၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်များ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဒုတိယနေ့) ကို ယနေ့နံနက် ၈:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆက်လက်ကျင်းပသည်။

အစည်းအဝေး(ဒုတိယနေ့)တွင် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၏ တရားစီရင်ရေးအခြေအနေများ၊ နယ်မြေဒေသအခြေအနေများ၊ ကြုံတွေ့နေရသောအခက်အခဲများနှင့် တရားရုံးလုပ်ငန်းအခြေအနေများအား online ဖြင့် တင်ပြချက်များအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ‌ဒေါက်တာကိုကိုနိုင်၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါ်သင်းသင်းနွဲ့၊ ဦးသိန်းကိုကို၊ ဦးသောင်းနိုင်၊ ဒေါ်ခင်မေရီ၊ ဦးခင်မောင်ကြီး၊ ဦးကြည်သိန်း၊ ဦးမျိုးမောင်၊ ဦးမျိုးတင့်တို့က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက နိဂုံးချုပ် လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အစည်းအ‌ဝေး(ဒုတိယနေ့)သို့ ပြည်ထောင်စုတရားသူကြီးချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်တရားရေး ဦးစီးမှူးများ တက်ရောက်ခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။