နေပြည်တော်၊ ဩဂုတ် ၁၉
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက အမှာစကားပြောကြားရာတွင် တရားရုံးများသည် အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ လူ့အဖွဲ့အစည်းအတွင်းမှာ မနှစ်မြို့ဖွယ် မုဒိမ်းမှုတွေ၊ လူသတ်မှုတွေစတဲ့ ကြီးလေးသည့်ပြစ်မှု ကျူးလွန်သူများအပေါ်တွင်လည်း ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်ကြရန်လိုကြောင်း၊ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်သည် အချိန်တိုအတွင်းမှာ အမှုများပြီးပြတ်သွားသည့်အတွက် တရားမမှုများ မှန်မှန်ကန်ကန်ဖြင့် မြန်ဆန်စွာပြီးပြတ်ရေးများစွာအထောက်အကူဖြစ်စေကြောင်း၊ ထို့ကြောင့် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းထားပြီးဖြစ်သည့်အပြင် တီထွင်မှု မူပိုင်ခွင့်ဥပဒေအရစွဲဆိုမှုများ စစ်ဆေးစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း ထုတ်ပြန်ထားပြီးဖြစ်၍ လိုက်နာဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ သီးသန့်တရားရုံးဖြင့် ရုံးထိုင်စစ်ဆေးနေသည့်အမှုများကိုလည်း ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေးအတွက် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သက်သေခံပစ္စည်းများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး တရားရုံးများက မြန်မြန်ဆန်ဆန် စစ်ဆေးဆုံးဖြတ်ရန်လိုကြောင်း၊ ထို့ပြင် သက်သေခံပစ္စည်းစီမံခန့်ခွဲသည့်အမိန့်အပေါ် တက်ရောက်သည့်အမှုများကိုလည်း အထက် တရားရုံးများက ဦးစားပေး ကြားနာဆုံးဖြတ်ပေးရန်လိုကြောင်း၊ တရားရုံးအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေကြသည့် တရားသူကြီးများအတွက် တရားစီရင်ရေးနှင့် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိရာ ပြည်ပသို့ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများနှင့် ပညာသင်စေလွှတ်ခြင်းဖြင့် ဒေသတွင်း တရားစီရင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကျိုးကျေးဇူး များရရှိမည့်အပြင် တရားသူကြီးများ၏ စွမ်းရည်တိုးမြှင့်မှု ကဏ္ဍအတွက်လည်းများစွာ အထောက်အကူဖြစ်စေပါကြောင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် မှားယွင်းမှုများ၊ အားနည်းချက်များမရှိစေရေး အဆင့်ဆင့်အလေးထား စိစစ်ဆောင်ရွက်ကြရန် လိုကြောင်းနှင့် အလေးထားဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် သေချာစွာစိစစ်ခြင်း မပြုမှုကြောင့် ဌာနအတွက်၊ နိုင်ငံအတွက် ထိခိုက်နစ်နာမှုများ မဖြစ်ပွားစေရေး ကြပ်မတ်ဆောင်ရွက် ကြရန်လိုကြောင်း၊ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်၊ စည်းကမ်းများကိုလည်း လိုက်နာစောင့်ထိန်းကြရန်နှင့် ပေးအပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ၊ ဖြောင့်မတ်မှန်ကန်စွာ ထမ်းဆောင်သွားကြရန်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ အစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။