တရားသူကြီးများအတွက် မူပိုင်ခွင့်မှုခင်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဩဂုတ် ၁၇

တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် မူပိုင်ခွင့်ဥပဒေများဆိုင်ရာ အတွေ့အကြုံဗဟုသုတများ မျှဝေနိုင်ရန်ရည်ရွယ်၍ တရားသူကြီးများအတွက် မူပိုင်ခွင့်မှုခင်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉း၀၀ နာရီတွင်  ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမတွင် Zoom Application ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန၊ ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်က မူပိုင်ခွင့်ဥပဒေ (၄) ရပ်အပေါ် အနှစ်ချုပ်ဆွေးနွေးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးခွန်ဖြူက တီထွင်မှုနှင့်စက်မှုဒီဇိုင်းမူပိုင်ခွင့်ချိုးဖောက်ခြင်းနှင့် မူပိုင်ခွင့်တရားရုံး၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့်လည်းကောင်း၊   ဥပဒေလုပ်ထုံးလုပ်နည်းဌာန၊ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်ငြိမ်းက ASEAN – USPTO တို့ပူးပေါင်းကျင်းပသည့် အသိဉာဏ်ပစ္စည်းဆိုင်ရာ တရားမမှုနှင့်ရာဇဝတ်မှုခင်းများ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသည့် တရားစီရင်ရေးဆွေးနွေးပွဲ အတွေ့အကြုံများမျှဝေခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဇေယျာသီရိခရိုင်၊ ခရိုင်တရားသူကြီး ဦးမျိုးကျော်အောင်က စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာမှုခင်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောက်တံတားခရိုင်တရားရုံးမှ တွဲဖက်ခရိုင်တရားသူကြီး ဦးမင်းသန့်က ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရမှုခင်းများ စွဲဆိုစစ်ဆေးစီရင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့  ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားရေးအရာရှိ (၃၆) ဦးနှင့်  တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများမှ တရား‌ရေးအရာရှိ (၇၈၄) ဦး၊ စုစုပေါင်း တရား‌ရေးအရာရှိ (၈၂၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။