နေပြည်တော်၊ ဇူလိုင် ၂၉
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရည်မှန်းချက် (၃) ပါ သတင်းပို့အဖွဲ့အစည်းများ၏ လွှဲပြောင်းဆောင်ရွက်မှုများ စောင့်ကြည့်စစ်ဆေးမှုနှင့် မှတ်တမ်းထိန်းသိမ်းမှုစနစ်များ ပိုမိုတိုးတက်လာစေရန် အစီအစဉ်အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ကြီးကြပ်ရေးအာဏာပိုင်၏ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် AML/CFT ဆိုင်ရာ လိုက်နာဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ ရှေ့နေရှေ့ရပ်လုပ်ငန်းခွင် (၈) ခုအား ဇူလိုင်လ ၂၇ နှင့် ၂၈ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးမှုကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်ကျော်နှင့်အတူ တရားလွှတ်တော်ရှေ့နေများကောင်စီဝင် ဦးစိုးသိန်းနှင့် ဒေါ်ခင်နုသာ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ဝင် ရဲမှူးကိုကိုလေးနှင့် ရဲအုပ်အောင်ကိုဦးတို့က ဆောင်ရွက်ခဲ့ကြပြီး တရားလွှတ်တော်ရှေ့နေနှင့် နိုတြီပဗ္ဗလစ် ဒေါ်ရီရီတင်၊ Nishimura & Asahi Myanmar Limited မှ ဦးကြည်ငြိမ်းချမ်း၊ မေနှင်း ဥပဒေရေးရာဝန်ဆောင်မှုလုပ်ငန်းလီမိတက်မှ ဒေါ်မြင့်သန္တာထွန်း၊ Yin May Thein & Associates Legal Services Co.Ltd မှ ဒေါ်ယဉ်မေသိန်း၊ တရားလွှတ်တော်ရှေ့နေများ ဖြစ်ကြသည့် ဦးမောင်မောင်ကျော်လင်း၊ ဦးမြင့်ဦး၊ ဦးလွင်အောင်ဦး၊ ဒေါ်ယုယုနွယ်တို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။