(၁၈) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊  ဇူလိုင် ၁၇

 

(၁၈) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၀၆:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်ကြည်ညို၍ အာရုဏ်ဆွမ်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

အခမ်းအနားသို့ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ လမ်းသပြေကုန်းကျောင်း၊ ဇေယျာသိမ်ကျောင်းနှင့် ဇမ္ဗူအေးကျောင်းတို့မှ ပင့်ဖိတ်ထားသည့် သံဃာတော်(၁၁)ပါး ကြွရောက်တော်မူကြပြီး ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက သံဃာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် အခမ်းအနားအစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တက်ရောက်လာသူ ဧည့်ပရိသတ်အပေါင်းတို့က လမ်းသပြေကုန်းကျောင်းဆရာတော် ဘဒ္ဒန္တကုဝေရဓိပတိထံမှ ငါးပါးသီလဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်သော ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေးတို့က သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် လမ်းသပြေကုန်းကျောင်းဆရာတော် ဘဒ္ဒန္တကုဝေရဓိပတိထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။