ပညာသင်စရိတ်ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ဇွန်  ၁၇

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အရာထမ်း၊ အမှုထမ်းများ၏ သားသမီး များအား ပညာသင်စရိတ်ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ်က အမှာစကားပြော ကြားရာတွင် ယနေ့အခမ်းအနားသည် ၂၀၂၄-၂၀၂၅ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ၊ ၂၀၂၃-၂၀၂၄ ပညာရည်ချွန်ဆုပေးပွဲနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထူးချွန်ဆုရ သင်တန်းသား/သင်တန်းသူများ ဂုဏ်ပြုပွဲတို့ကို ပူးပေါင်းကျင်းပသည့်ပွဲဖြစ်ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသူများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါ စေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊ ယခုခေတ်သည် Knowledge Age ဖြစ်ကြောင်း၊ Knowledge is Power ဖြစ်ကြောင်း၊ ပညာ၏ စွမ်းအားသည် ကြီးမား ပါကြောင်း၊ ပညာတတ်မြောက်ယုံနှင့်မပြီးဘဲ စိတ်နှလုံးလှဖို့လည်း လိုအပ်ကြောင်း၊ သန့်ရှင်းသည့်နားသည် အကြားများမည်၊ ကြည်လင်သည့်မျက်စိသည် အမြင်များမည်၊ စင်ကြယ်သည့်စိတ်သည် အသိများမည်ဖြစ်ကြောင်း၊ ဗုဒ္ဓဘုရားရှင်မှလည်း “ပညာသမ္မာ၊ အာဘာနတ္ထိ” “ပညာနှင့်တူသော အလင်းမရှိ” ဟု ဟောကြားခဲ့ကြောင်း၊ ပညာ နှင့်စပ်လျဉ်း၍ ပညာရဲရင့်ပွဲလယ်တင့်၊ ပညာရွှေအိုးလူမခိုး၊ ပညာပြည့်ဝနှလုံးလှ၊ ပညာမြှင့်မှ လူမျိုးတင့်မည်ဟု အဆိုအမိန့်များရှိကြောင်း၊ နိုင်ငံတော်ကလည်း ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာကို လူငယ်တိုင်း တတ်မြောက်အောင်မြင်ရမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ဖြစ်အောင် ကြိုးစားဆောင်ရွက်လျက်ရှိသဖြင့်  ကျောင်းသား/ကျောင်းသူများ လူရည်ချွန်၊ လူရည်မွန်များဖြစ်ကြဖို့ရန် မိဘများ၊ နိုင်ငံတော်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တို့က ဖြည့်ဆည်းပေးခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ ထူးချွန်အောင်မြင် ကြစေလိုပါကြောင်း၊ ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း မွှေးကြပါစေဟု ဆုမွန်ကောင်း တောင်းပါကြောင်းဖြင့် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက သင်တန်းအသီးသီးတွင် ထူးချွန်ဆုရရှိခဲ့ကြသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုများချီးမြှင့်ပေးအပ်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူ ၁၆၅ ဦး၊ ပညာရည်ထူးချွန်သူ ကျောင်းသူ ၁ ဦး၊ ဌာနဆိုင်ရာများတွင် ဆုရရှိသူ ၄ ဦးတို့အား ပညာသင်ထောက်ပံ့ကြေးနှင့် ဆုချီးမြှင့်ငွေစုစုပေါင်း ၅၈၁၅၀၀၀ ကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့သည်။