မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၁၁

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ မဟာသင်္ကြန်ပွဲတော် အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၄ နာရီအချိန်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ မြက်ခင်းပြင်၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးတက်ရောက်၍ နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားကို မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများကို အကျွေးအမွေးတို့ဖြင့် ဧည့်ခံခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးတို့မှ ယိမ်းအဖွဲ့များက သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက ယိမ်းအဖွဲ့များကို ဆုတော်ငွေများ ချီးမြှင့်ပေးခဲ့ပြီး မန်းတောင်ရိပ်ခိုသီချင်းဖြင့် ယိမ်းအဖွဲ့များက ကပြဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။