နေပြည်တော်၊ ဧပြီ ၁
ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ပျဉ်းမနားခရိုင်တရားရုံး အစည်းအဝေးခန်းမတွင် ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၊ နံနက် (၉:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်ဒေါ်တင်နွယ်စိုးက အမှာစကားပြောကြားသည်။
အဆိုပါဆွေးနွေးပွဲ၌ AML/CFT လုပ်ငန်းတွင် ရှေ့နေရှေ့ရပ်များ၏ အခန်းကဏ္ဍ၊ FIU ၏ ငွေကြေးခဝါချမှုနည်းပုံစံနှင့်လားရာများ၊ အန္တရာယ်လေ့လာတွေ့ရှိချက်များနှင့် ရှေ့နေရှေ့ရပ်များအတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ လိုက်နာဆောင်ရွက်မှု စစ်တမ်းလွှာဖြေဆိုခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ရှေ့နေများ၏ မေးမြန်းချက်များအား ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဆွေးနွေးရှင်းလင်းခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှု ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကြီးကြပ်ရေးအာဏာပိုင် (ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး) နှင့် တာဝန်ရှိသူများ၊ တရားလွှတ်တော်ရှေ့နေများကောင်စီဝင် ဦးလှဟန်နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ရဲမှူးမိုးမြင့်၊ နေပြည်တော်ကောင်စီနယ်မြေမှ တရားလွှတ်တော်ရှေ့နေများနှင့် အထက်တန်းရှေ့နေများ စုစုပေါင်း ( ၃၄ ) ဦး တို့တက်ရောက်ကြသည်။