ပြည်ထောင်စုတရားသူကြီးချုပ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော်လောင်းလှူခြင်းအခမ်းအနားတက်ရောက်

နေပြည်တော်၊ မတ် ၂၄

၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းပွဲ  မဟာမင်္ဂလာအခမ်းအနားနှင့်ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့မွန်းလွဲ ၁:၀၀ နာရီအချိန်က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာ ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်ကြည်ညိုပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာ​တော်ကြီးများထံ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့​နောက် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်းတွင် ဆွမ်းဆန်တော်လောင်းလှူပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မဏ္ဍပ်၌ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်‌တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်၍ ဘွဲ့တံဆိပ်တော်ရဆရာတော်၊ သံဃာ​တော်များနှင့် သီလရှင်ဆရာကြီးများ စုစုပေါင်း ၁၂၃ ပါးတို့ကို  ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။