ထန်းတပင်မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၂၀

၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်သော (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ၂၀-၃-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂၅၇)၊ ဘုရင့်နောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ (၂) ရပ်ကွက်၊ ထန်းတပင်မြို့နယ်ရှိ အဆိုပါရုံးနေရာ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတို့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပါသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က မြို့နယ်တရားရုံး ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်း အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြပါသည်။ ထို့နောက် အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုကြပါသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ဆက်လက်ပြုလုပ်ရာ နှိုင်းယှဉ်မေတ္တာကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူက အဆောက်အဦ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခြင်း၊ အထိမ်းအမှတ်ဖန်သားတံဆိပ်တုံး ၊ အထိမ်းအမှတ်အလံငယ်များ ပေးအပ်ခြင်း၊ ထန်းတပင်မြို့နယ်တရားရုံး၊ မြို့နယ်တရားသူကြီး ဦးသန့်ဇင်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။