စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) နှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကျင်းပ

‌နေပြည်တော်၊ မတ် ၁၂

ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနများ၏ စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) နှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ မတ်၁၂ ရက် (အင်္ဂါနေ့)၊ နံနက် ၀၉:၀ နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်း၌ Video Conference စနစ်ဖြင့် ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အစီအစဉ်ပထမပိုင်းအဖြစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများက တရားရုံးအဆင့်ဆင့်နှင့် စေ့စပ်ဖြေရှင်းရေးဌာနအသီးသီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း စေ့စပ်ဖြေရှင်းရေး ဆိုင်ရာဆောင်ရွက်ချက်များကို တင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကြသည်။

ယင်းနောက် အစီအစဉ်ဒုတိယပိုင်းအဖြစ် စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို ဆက်လက်ကျင်းပသည်။ သင်တန်းတွင် အငြင်းပွားမှုဖြေရှင်းရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးက စေ့စပ်ဖြေရှင်းရေးဆောင်ရွက်သည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ တရားရုံး၏အခန်းကဏ္ဍ၊ စေ့စပ်ဖြေရှင်းရေးဌာန၏အခန်းကဏ္ဍ၊ အမှုသည်များ၏အခန်းကဏ္ဍ၊ ရှေ့နေများ၏အခန်းကဏ္ဍ၊ စေ့စပ်ဖြေရှင်းရေးအရာရှိ၏ အခန်းကဏ္ဍတို့ကို ဆွေးနွေးပို့ချသည်။

ယင်းအစည်းအဝေးနှင့် သင်တန်းသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနအသီးသီးမှ ဌာနတာဝန်ခံနှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများ စုစုပေါင်း ( ၄၈ ) ဦး တက်ရောက်ကြသည်။