ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၂) သင်တန်းဆင်းပွဲနှင့် တရားသူကြီး တာဝန်ပေးအပ်လွှာများအပ်နှင်းခြင်း၊ ကျမ်းသစ္စာပြုခြင်း အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉

ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၂) သင်တန်း ဆင်းပွဲနှင့် တရားသူကြီး တာဝန်ပေးအပ်လွှာများအပ်နှင်းခြင်း၊ ကျမ်းသစ္စာပြုခြင်း အခမ်းအနားကို ယနေ့နံနက် (:၀၀) နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားရေးကောလိပ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

ထို့နောက် ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၂) တွင် ကင်းဝန်အသင်းဆုရရှိသူ သင်တန်းသူ ကသ-၅၉ ဒေါ်ဇေဇေဝါလေးအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးခင်မောင်ကြီးကလည်းကောင်း၊ ယောအသင်းဆုရရှိသူ သင်တန်းသူ ကသ-၆၄ ဒေါ်ခင်မျိုးချစ်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးကြည်သိန်းကလည်းကောင်း၊ ဦးမေအောင်အသင်းဆုရရှိသူ သင်တန်းသား ကသ-၉ ဦးရဲထက်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးမောင် ကလည်းကောင်း၊ ဒေါက်တာဘဦးအသင်းဆုရရှိသူ သင်တန်းသူ ကသ-၇၂ ဒေါ်သက်ထားအောင်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်ကလည်းကောင်း၊ ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၂) တွင် စံပြဆုရရှိသူ သင်တန်းသူ ကသ-၇၃ ဒေါ်ဂျူးဂျူးစံအား ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးကလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ်က အသစ်ခန့်ထားသည့် ဒုတိယမြို့နယ်တရားသူကြီးများအား သက်ဆိုင်ရာမြို့နယ်တရားရုံး အသီးသီးတွင် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်လွှာများအပ်နှင်းခဲ့ရာ သင်တန်းသား/ သင်တန်းသူများ ကိုယ်စား ဒုတိယမြို့နယ်တရားသူကြီး ကသ-၁၁ ဦးမျိုးသီဟဇော်ကလက်ခံ ရယူခဲ့ပါသည်။ ယင်းနောက် ဒုတိယမြို့နယ်တရားသူကြီးများအဖြစ် စတင်တာဝန်ထမ်းဆောင်မည့် တရားရေးအရာရှိ (၈၀) ဦးတို့က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ရှေ့မှောက်တွင် ကျမ်းသစ္စာပြုခဲ့ကြပါသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းဒုတိယမြို့နယ် တရားသူကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။