၂၀၂၃ ခုနှစ်တွင် တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

‌နေပြည်တော်၊ ဇန်နဝါရီ ၃၁

ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားရေး ဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနများ၏ ၂၀၂၃ ခုနှစ်တွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်း၌ Video Conference ဖြင့် ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများက တရားရုံးအဆင့်ဆင့်၏ စေ့စပ်ဖြေရှင်းရေးဆိုင်ရာဆောင်ရွက်ချက်များကိုလည်းကောင်း၊ စေ့စပ်ဖြေရှင်းရေးဌာနတာဝန်ခံများက သက်ဆိုင်ရာစေ့စပ်ဖြေရှင်းရေးဌာန၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ အငြင်းပွားမှုဖြေရှင်းရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးက တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မှုကိုလည်းကောင်း တင်ပြဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကြသည်။

အစည်းအဝေးတွင် ဆွေးနွေးတင်ပြချက်များအရ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်ချက်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ချမှတ်ထားသည့် မဟာဗျူဟာအစီအစဉ်များနှင့်အညီ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနအသီးသီးမှ ဌာနတာဝန်ခံနှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများ စုစုပေါင်း ( ၅ ) ဦး တက်ရောက်ကြသည်။