နေပြည်တော်၊ ဇန်နဝါရီ ၂၈
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမတွင် AML/CFT ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ နံနက် (၉:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက အမှာစကားပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များ၊ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့နှင့် အကြံပြုချက်များ၊ အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ခြင်း၊ လူအများအပြားသေကျေစေသော လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆိုင်ရာအရေးယူပိတ်ဆို့ခြင်း၊ ငွေကြေးခဝါချမှုကျူးလွန်သူများအား ဉာဏ်ရည်တုနည်းလမ်းဖြင့်ဖေါ်ထုတ်အရေးယူခြင်း၊ ပြည်တွင်းဥပဒေပြဌာန်းချက်များ၊ အကောင်အထည်ဖော်သည့် ပြည်တွင်းအဖွဲ့အစည်းများ၊ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း၊ ရှေ့နေရှေ့ရပ်များ၏ လုပ်ငန်းခွင်ပြင်ပစစ်ဆေးခြင်းနှင့် လုပ်ငန်းခွင်အတွင်းဝင်ရောက်စစ်ဆေးခြင်း ကိစ္စရပ်များအား AML/CFT ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဆင်း တရားရေးအရာရှိများက အသီးသီးရှင်းလင်းဆွေးနွေးကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တရားသူကြီးများနှင့် တရားရေးအရာရှိများ စုစုပေါင်း ( ၄၅ ) ဦး တက်ရောက်ကြသည်။