နေပြည်တော်၊ ဒီဇင်ဘာ ၂
အိန္ဒိယနိုင်ငံ၊ မတ်ဒရာပရာဒက်ရှ်ပြည်နယ်၊ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေး အကယ်ဒမီ (National Judicial Academy-NJA) တွင်၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ မှ ၇ ရက်နေ့အထိ စတုတ္ထအကြိမ်မြောက်အဖြစ်ဖွင့်လှစ်မည့် “တရားသူကြီးများနှင့်တရားရေးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းအစီအစဉ်” သို့တက်ရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် တရားရုံးအဆင့်ဆင့်ရှိခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တရားသူကြီးများ၊ တရားရေးအရာရှိများပါ၀င်သည့် သင်တန်းသား (၄၀) ဦး သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့၊ ၀၇: ၂၅ နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားပါသည်။
သင်တန်းသားများသည်အဆိုပါသင်တန်း၌ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၊ အိန္ဒိယနိုင်ငံတရားစီရင်ရေးစနစ်၊ တရားသူကြီးကျင့်ဝတ်၊ စီရင်ချက်ရေးသားခြင်း၊ တရားရုံးစီမံခန့်ခွဲမှု၊ သက်သေခံဥပဒေ၊ တရားရုံးနည်းပညာ၊ တရားမနှင့်ရာဇဝတ်ဥပဒေများ၊ ဥပဒေရေးရာဆေးပညာ၊ တရားမကျင့်ထုံးဥပဒေနှင့်တရားမမှုစစ်ဆေးခြင်း၊ အခြားနည်းလမ်းဖြင့် အငြင်းပွားမှုဖြေရှင်းခြင်းတို့ကို လေ့လာသင်ယူခွင့်ရရှိကြမည့်အပြင်၊ လေ့လာရေးခရီးအဖြစ် အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့ရှိတရားရုံးများ၊ ယဉ်ကျေးမှုပြတိုက်၊ တိုင်းရင်းသားများပြတိုက်၊ လှေလှော်အသင်းနှင့် ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုထိုးတော်ကြီး တည်ရှိရာနေရာဘိုပါး၊ ဆန်းချီမြို့သို့လည်းကောင်းသွားရောက် လေ့လာခွင့်ရရှိမည်ဖြစ်ပါသည်။
အဆိုပါ သင်တန်းအစီအစဉ်သည် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေးအကယ်ဒမီတို့အကြား ၂၀၁၈ခုနှစ် တွင်လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံမှတရားသူကြီးများနှင့် တရားရေးအရာရှိများအားအိန္ဒိယနိုင်ငံသို့စေလွှတ်၍ သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာအရ စေလွှတ်ခြင်းဖြစ်ပြီး၊ ယခု စတုတ္ထအကြိမ်မြောက်သင်တန်းအပါအဝင် စုစုပေါင်းသင်တန်းသား ၁၆၀ ဦး စေလွှတ်ခဲ့ပြီးဖြစ်သည်။