နေပြည်တော်၊ အောက်တိုဘာ ၂၅
“တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်မှု” နှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနနှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၃) နှင့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၂၃ ခုနစ်၊ အောက်တိုဘာလ ၂၅ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် ၉း၀၀ နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနအသီးသီး၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများအတွင်း စေ့စပ်ဖြေရှင်းရေးဆိုင်ရာဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြသည်။ ယင်းနောက် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် စေ့စပ်ဖြေရှင်းရေးဌာနအားလုံး တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် စေ့စပ်ဖြေရှင်းရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းရန်လိုအပ်သည့် အချက်များကို ထုတ်နှုတ်ဆွေးနွေးကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး / ပြည်နယ်တရားလွတ်တော် စေ့စပ်ဖြေရှင်းဌာနအသီးသီးမှဌာန တာဝန်ခံများနှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများ စုစုပေါင်း (၃၄) ဦး တက်ရောက်ကြသည်။