ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည့် “အာဆီယံတရားသူကြီးချုပ်များကောင်စီ ၏ ဆယ်နှစ်တာလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရန် နှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ရန်အတွက် ပြန်လည်သုံးသပ်သည့် အစည်းအဝေး ” သို့ တက်ရောက်

နေပြည်တော်၊ အောက်တိုဘာ ၂၂

မလေးရှားနိုင်ငံ၊ ဖက်ဒရယ်တရားရုံးချုပ်မှကြီးမှူး၍  ၂၀၂ ခုနှစ်၊  အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် “အာဆီယံတရားသူကြီးချုပ် များကောင်စီ ဆယ်နှစ်တာ လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရန်အတွက် ပြန်လည်သုံးသပ်သည့်အစည်းအဝေး (Council of ASEAN Chief Justices (CACJ) Retreat)” သို့ မလေးရှားနိုင်ငံ၊ ဖက်ဒရယ်တရားရုံးချုပ် တရားသူကြီးချုပ် The Hon. Tun Tengku Maimun binti Tuan Mat ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

မလေးရှားနိုင်ငံ ဖက်ဒရယ် တရားရုံးချုပ်သို့သွားရောက်ခြင်း

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် အာဆီယံ တရားသူကြီးချုပ်များကောင်စီ (CACJ) အဖွဲ့ဝင်များဖြစ်သည့် အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့်အတူ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပူထရာဂျာယားမြို့ရှိ  မလေးရှားနိုင်ငံဖက်ဒရယ်တရားရုံးချုပ် သို့ သွားရောက်ကာ မလေးရှားနိုင်ငံတွင် တရားရုံးများ၌ ဉာဏ်ရည်တု နည်းပညာအသုံးပြုဆောင်ရွက်ခြင်းအား လေ့လာပြီး၊ အာဆီယံတရား သူကြီးချုပ်များကောင်စီ ဆယ်နှစ်တာအထိမ်းအမှတ် တံဆိပ်ခေါင်းပြပွဲအပါအဝင် မလေးရှား တရားရုံးချုပ်က ဆောင်ရွက်သည့် အာဆီယံတရားသူကြီးချုပ်များကောင်စီကချမှတ်ခဲ့သည့် စံပြမူများ(Model Rules)အား မိတ်ဆက် ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတက်ရောက်ခြင်း

 “အာဆီယံတရားသူကြီးချုပ်များကောင်စီ ဆယ်နှစ်တာ လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ရန်အတွက် ပြန်လည်သုံးသပ်သည့်အစည်းအဝေး” ကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့ပြီး၊ အဆိုပါ အစည်းအဝေးသို့  ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေးနှင့်အတူ အာဆီယံတရားသူကြီးချုပ်များကောင်စီ (CACJ) အဖွဲ့ဝင်များဖြစ်သည့် အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေး

အဆိုပါအစည်းအဝေးတွင် ကောင်စီအလှည့်ကျဥက္ကဌဖြစ်သူ မလေးရှားနိုင်ငံ၊ The Hon. Tun Tengku Maimun binti Tuan Mat က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ ဆယ်နှစ်တာလုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်ပြီး၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရန်အတွက်ဆွေးနွေးကြသည့် အကြောင်းအရာများအပေါ် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် အာဆီယံတရားသူကြီးချုပ်များနှင့်အတူ ပါဝင်ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ  ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။