တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တာ်၊ စက်တင်ဘာ ၇

တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ပြည်ထောင်စုတရားလွှတ်‌တော်ချုပ်ရုံး၊ သင်တန်းခန်းမ၌ ယနေ့နေ့လယ် (၂း၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင် တက်ရောက်၍ အမှာစကားပြောကြားရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းများ၏ အရည်အသွေး၊ အဆင့်အတန်းမြင့်မားလာစေရန်နှင့် ရုံးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှု အရည်အချင်းများ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ သင်တန်းများကိုဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့် ဝန်ထမ်းကျင့်ဝတ်တို့ကို သိရှိနားလည်၍ လိုက်နာကျင့်သုံးရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချပေးလိုက်သည့် သင်ခန်းစာများကို လက်တွေ့ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ထိထိရောက်ရောက်အသုံးချရမည်ဖြစ်ကြောင်း၊ သို့မှသာ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလိုမဖြစ်ဘဲ ရုံးစာရေးသားခြင်းအပါအဝင် အခြေခံရုံးလုပ်ငန်းများမှာ တစ်ညီတစ်ညွတ်ထဲ ဖြစ်နေမည်ဖြစ်ကြောင်း၊ ဌာနအသီးသီး၏ လုပ်ငန်းတာဝန်များကို ထည့်သွင်းသင်ကြားပေးပြီးဖြစ်၍ ဌာနအချင်းချင်းဆက်သွယ်ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် ကြိုးစားသင်ယူကြောင်း တွေ့ရှိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသူ အငယ်တန်းစာရေး ဒေါ်ဇင်မာသန်းအား ညွှန်ကြားရေးမှူးချုပ်က ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ လေ့ကျင့်ဌာန၊ ညွှန်ကြားရေးမှူးက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများအား ပေးအပ်ခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူ အမှုထမ်း (၂၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။ သင်တန်းကာလမှာ (၇-၈-၂၀၂၃) ရက်နေ့မှ (၆-၉-၂၀၂၃) ရက်နေ့အထိ ရက်သတ္တ (၄) ပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။