နေပြည်တော်၊ စက်တင်ဘာ ၆
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနများ၊ ခရိုင်တရားသူကြီးများ၏ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၆-၉-၂၀၂၃ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉း၀၀ နာရီ အချိန်တွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်း၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
ယင်းအစည်းအဝေးအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၂၇) - ပထမနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ်တစ်ရပ်ဖြစ်သည့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးအား အများပြည်သူ လက်လှမ်းမီမှုရှိစေရေးအတွက် သင့်လျော်သည့် အစီအစဉ်များ တိုးချဲ့ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
အစည်းအဝေးတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ စေ့စပ် ဖြေရှင်းရေးဌာနတာဝန်ခံများ၊ ခရိုင်တရားသူကြီးများက ၁-၁-၂၀၂၃ ရက်နေ့မှ ၃၁-၇-၂၀၂၃ ရက်နေ့အထိ စေ့စပ်ဖြေရှင်းရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးအတွက် သက်ဆိုင်သည့် အချက်အလက်များကို တင်ပြဆွေးနွေး အကြံပြုကြပြီး၊ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများက ပြန်လည်ဆွေးနွေးကြသည်။
အစည်းအဝေးသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တရားမတရားစီရင်ရေးဌာနမှ ညွှန်ကြားရေးမှူး၊ အငြင်းပွားမှု ဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ သက်ဆိုင်သည့် တိုင်းဒေသကြီး/ပြည်နယ်များမှ တရားရေးဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနတာဝန်ခံများ၊ ခရိုင်တရားသူကြီးများ စုစုပေါင်း ၃၀ ဦး တက်ရောက်ကြသည်။