မူပိုင်ခွင့်ဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂

ခရိုင်အဆင့်တရားသူကြီးများ နှင့် တရားရေးအရာရှိများအတွက် မူပိုင်ခွင့်ဥပဒေများဆိုင်ရာ အတွေ့အကြုံဗဟုသုတများ မျှဝေနိုင်ရန် ရည်ရွယ်၍  မူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၉း၀၀)နာရီတွင်  ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမတွင် Zoom Application ဖြင့် ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ တရားမကြောင်းဖြင့် တရားစွဲဆိုခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးခွန်ဖြူက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ ရာဇဝတ်ကြောင်းဖြင့် တရားစွဲဆိုခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာန၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ကေသီခိုင်ငြိမ်းက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၏အခြေခံမူသဘောများ ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့်  တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်မှ တရား‌ရေးအရာရှိ (၁၅၃) ဦး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ နှင့် ခရိုင်တရားရုံးများမှ တရား‌သူကြီး (၂၅၂) ဦး၊ စုစုပေါင်း တရား‌ရေးအရာရှိ ( ၄၀၅ ) ဦးတို့ တက်ရောက်ခဲ့သည်။