နေပြည်တော်၊ ဩဂုတ် ၂၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် များ၏ (၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက အမှာစကားပြောကြားရာတွင် တရားရုံးများသည် တရားစီရင်ရေးဖြောင့်မတ်မှန်ကန်ရေး၊ တရားရေးမဏ္ဍိုင်တည့်မတ် ခိုင်မာရေးအတွက် အဓိကတာဝန်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူအများ ယုံကြည် ကိုးစားသည့် တရားစီရင်ရေးစနစ်ပေါ်ထွန်းရေး၊ အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန်စီရင်ဆုံးဖြတ်ရေး၊ တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေးစသည့် အဓိကလုပ်ငန်းတာဝန်များကို အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသည့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်အပေါ် ဌာနနှင့်ဆက်စပ်ပတ်သက်သည့် လုပ်ငန်းတာဝန်များကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးကို အမှုသည်များကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ပြီး အမှုများပြီးပြတ်ရေး အထောက်အကူဖြစ်စေတဲ့အတွက် စေ့စပ်ဖြေရှင်းရေးစနစ် အောင်မြင်စွာအကောင်အထည်ဖော်ရေးကို အားလုံးကကြိုးစားဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအရစစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းထားပြီးဖြစ်သည့်အပြင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရစွဲဆိုမှုများ စစ်ဆေးစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း ထုတ်ပြန်ထားပြီးဖြစ်၍ လိုက်နာဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ သီးသန့်တရားရုံးဖြင့် ရုံးထိုင်စစ်ဆေးနေသည့်အမှုများကိုလည်း ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာစစ်ဆေးပြီးပြတ်ရေးအတွက် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သက်သေခံပစ္စည်းများ စီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကိုလည်း တိတိကျကျလိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တရားရုံးအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိရေး၊ လုပ်ရည်ကိုင်ရည် အရည်အသွေးမြင့်မားရေး၊ အဂတိလိုက်စားမှုကင်းရှင်းရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ စိတ်ဓာတ်မြင့်မားရေးတို့အတွက်လည်း ကြပ်မတ်လမ်းညွှန် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားစီရင်ရေး ငါးနှစ်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ ပထမနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၃) အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မှုခင်းများစစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ရာဇဝတ်အမှုပေါင်း (၇၄၇) မှု လက်ခံရရှိပြီး (၅၈၆) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၁၁၀၆) မှု လက်ခံရရှိပြီး (၈၂၀) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တရားလွှတ်တော်များမှာ ရာဇဝတ်အမှုပေါင်း (၂၆၉၃) မှု လက်ခံရရှိပြီး (၂၅၂၉) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမ အမှုပေါင်း (၂၅၇၅) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၅၃ မှု အပါအဝင်) (၂၆၂၈) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများနှင့် ခရိုင်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၁၁၉၁၅) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၀၉၀ မှု အပါအဝင်) (၁၃၀၀၅) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၇၈၃၀) မှု လက်ခံရရှိပြီး (၇၈၂၄) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မြို့နယ်တရားရုံးများမှာ ရာဇဝတ် အမှုပေါင်း (၁၀၆၃၆၀) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၃၆၃၉ မှု အပါအဝင်) (၁၀၉၉၉၉) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၉၂၆၁) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၈၃၁ မှု အပါအဝင်) (၁၀၀၉၂) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ဥပဒေအရတည်ထောင်သော အခြားတရားရုံးများဖြစ်သည့် ကလေးသူငယ်တရားရုံး (ရန်ကုန်နှင့် မန္တလေး) မှာ ကလေးသူငယ် ဥပဒေအရစွဲဆိုတင်ပို့သည့်အမှုပေါင်း (၂၁၇) မှု လက်ခံရရှိပြီး (၁၉၉) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ စည်ပင်သာယာတရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး) တို့မှာ စည်ပင်သာယာဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၁၇၄၉) မှု လက်ခံရရှိပြီး (၁၇၃၃) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မော်တော်ယာဉ်တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး) တို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၄၃၃၂၀) မှုကို စစ်ဆေးစီရင်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း အမှုများကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများသည် ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။ အစည်းအဝေးကို ဩဂုတ်လ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပမည် ဖြစ်သည်။