နေပြည်တော်၊ ဩဂုတ် ၁၅
၂၀၂၃ ခုနှစ်၊ ပထမခြောက်လတာကာလအတွင်း စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၅-၈-၂၀၂၃ ရက် (အင်္ဂါနေ့) နံနက် ၉:၀၀ နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက တက်ရောက်အမှာစကားပြောကြားသည်။
ယင်းအစည်းအဝေးတွင် ၁-၁-၂၀၂၃ ရက်နေ့မှ ၃၀-၆-၂၀၂၃ ရက်နေ့အထိ ပထမခြောက်လတာကာလအတွင်း တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနများ၊ တရားရုံးအဆင့်ဆင့်နှင့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနတို့၏ စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက အသီးသီးတင်ပြဆွေးနွေးကြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ဆွေးနွေးကြပြီး၊ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနအသီးသီးမှ စေ့စပ်ဖြေရှင်းရေးအရာရှိများ စုစုပေါင်း ၅၈ ဦး တက်ရောက်ကြသည်။