တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ သြဂုတ် ၇

တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)၊ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် (၂း၀၀) နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်‌တော်ချုပ်ရုံး၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင်က တက် ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား / သင်တန်းသူ အမှုထမ်း(၂၀)ဦးတို့ တက်ရောက် ကြသည်။ သင်တန်းကာလမှာ ရက်သတ္တ(၄)ပါတ် ကြာမြင့်မည်ဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိ ဌာနအသီးသီး၏ လုပ်ငန်းတာဝန်များဘာသာရပ်၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနှင့် ဝန်ထမ်းကျင့်ဝတ်ဘာသာရပ်၊ ရုံးလုပ်ငန်းအခြေခံဘာသာရပ်နှင့် ရုံးလုပ်ငန်းဆိုင် ရာစီမံခန့်ခွဲမှုဘာသာရပ်၊ ငွေစာရင်းထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေးကျင့်စဉ်ဘာသာရပ်တို့ကို ပို့ချသွားမည်ဖြစ်သည်။