ပြည်ထောင်စုတရားသူကြီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားသူကြီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင်  ၂၅

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ် H.E. Mr Vyacheslav Lebedev ကို ယနေ့နံနက်ပိုင်း ၉း၄၅ နာရီအချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီးများဖြစ်သော ဦးအောင်ဇော်သိန်း၊ ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီးတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ Charge d’ Affaires a.i./ Counsellor ဖြစ် သူ Mr. Pavel Klabukov ၊ The Fourth Court of Cassation of General Jurisdiction ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Aleksei Shishkin ၊ The Fourth Court of Appeal of General Jurisdiction ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Magsomed Magomedov နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ်တို့က နှစ်နိုင်ငံအကြား တရားစီရင်ရေးဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။