နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် USAID-PRLM တို့ ပူးပေါင်း၍ အယူခံတရားရုံးများအတွက် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉:၀၀ နာရီတွင် နေပြည်တော် Kempinski Hotel တွင် ကျင်းပပြုလုပ်သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အယူခံတရားရုံးများ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆောင် ရွက်ခြင်းဆိုင်ရာ ရည်ရွယ်ချက်နှင့် အခြေခံမူများ၊ အယူခံတရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာများ၊ အယူခံမှုများအား ခြေရာကောက်ခြင်း၊ အယူခံမှုများအတွက် မှုခင်းစီမံခန့်ခွဲမှုအချိန်စံနှုန်းများ၊ အယူခံတရားရုံးများ၏ ဆောင်ရွက်ချက်များကို တိုင်းတာခြင်းနှင့် အစီရင်ခံခြင်း၊ အယူခံမှုများ ဆောင်ရွက်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ အယူခံမှုလက်ကျန် အချိုးညီမျှစေရန်အတွက် အစီအစဉ်တကျ ခွဲဝေစစ်ဆေးခြင်း၊ အယူခံတရားရုံးများအတွက် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် စီမံကိန်းမူကြမ်းရေးဆွဲခြင်း စသည်တို့ကို ဆွေးနွေးမည်ဖြစ်သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ မှုခင်းစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် ကော်မတီဝင်များ၊ လေ့ကျင့်သင်ကြားရေးလုပ်ငန်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ညှိနှိုင်းရေးမှူးများနှင့် ခရိုင်တရားသူကြီးများ စုစုပေါင်း (၂၆) ဦး တက်ရောက်ကြသည်။