(၁၇) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  ဇူလိုင် ၁၃

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၁၇) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၀၆:၀၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားသို့ ဇမ္ဗူအေးကျောင်း၊ ဇေယျာသိမ်ကျောင်းနှင့် လမ်းသပြေကုန်းကျောင်းတို့မှ ပင့်ဖိတ်ထားသည့် သံဃာတော် (၁၁) ပါး ကြွရောက်တော်မူကြပြီး ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် ရုံးဝန်ထမ်းများတက်ရောက်ကြသည်။

 

အခမ်းအနားမစတင်မီ ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများက အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

 

အစီအစဉ်အရ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဇမ္ဗူအေးကျောင်းဆရာတော် ဘဒ္ဒန္တ သူရိယထံက ငါးပါးသီလဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ ဟောကြားချီးမြှင့်တော်မူသည့် တရားတော်များကို ကြည်ညိုစွာနာယူကြသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်သော ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့တို့က ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ ဇမ္ဗူအေးကျောင်းဆရာတော် ဘဒ္ဒန္တ သူရိယက အနုမောဒနာတရားဟောကြားချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။