နေပြည်တော်၊ ဇွန် ၁၃
ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနက ကြီးမှူးဖွင့်လှစ်သည့် စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် မွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၂၃) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် (အင်္ဂါနေ့)၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
သင်တန်းတွင် တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ တရားရုံး၏အခန်းကဏ္ဍ၊ စေ့စပ်ဖြေရှင်းရေးဌာန၏အခန်းကဏ္ဍ၊ အမှုသည်များ/ ၎င်းတို့ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ၊ ရှေ့နေများ၏အခန်းကဏ္ဍ၊ စေ့စပ်ဖြေရှင်းရေးအရာရှိ၏ အခန်းကဏ္ဍစသည်ဖြင့် ကဏ္ဍအလိုက်ပါဝင်ဆောင်ရွက်ရမည့် အကြောင်းအရာများကိုလည်းကောင်း၊ စေ့စပ်ဖြေရှင်းခြင်းစွမ်းရည်နှင့်ဗျူဟာကိုလည်းကောင်း၊ စေ့စပ်ဖြေရှင်းရေးအရာရှိဆောင်ရန်၊ ရှောင်ရန်ကိစ္စများကိုလည်းကောင်းပို့ချပြီး၊ စေ့စပ်ဖြေရှင်းရေးသဏ္ဌာန်တူ ဆောင်ရွက်ခြင်းကိုလည်း သင်တန်းသားများပါဝင်လျက်ဆောင်ရွက်သည်။ ထို့အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၅-၄-၂၀၂၃ ရက်နေ့က ထုတ်ပြန်သည့် စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများနှင့်စပ်လျဉ်း၍လည်း ရှင်းလင်းပို့ချသည်။
ယင်းသင်တန်းအား ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနက တာဝန်ယူပို့ချခြင်းဖြစ်ပြီး၊ သင်တန်းသို့ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်စေ့စပ်ဖြေရှင်းရေးဌာနအသီးသီးမှ ရွေးချယ်ထားသည့် စေ့စပ်ဖြေရှင်းရေးအရာရှိများ စုစုပေါင်း (၁၉) ဦး တက်ရောက်ကြသည်။