နေပြည်တော်၊ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေ လ ၂၂ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါရုံးအဆောက်အဦသစ် တည်ရှိရာနေရာ၌ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လပွတ္တာမြို့နယ်တရားရုံး အဆောက်အဦသစ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မြို့နယ်တရားရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များက မြို့နယ်တရားရုံးဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းတို့အား အမွှေးနံ့သာရည်ပက်ဖျန်းခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့်ဧည့်သည်တော်များသည် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား ဆက်လက်ကျင်းပခဲ့ရာ လပွတ္တာမြို့နယ်တရားရုံး၏ အပေါ်ထပ်ခန်းမ၌ Royal Ayar Creative & Construction Co, Ltd မှ ဒါရိုက်တာ ဦးညီညီထွန်းက အဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အဆောက်အဦနှင့်ပတ်သက်သည့်စာရွက်စာတမ်းများကို ဆောက်လုပ်ရေးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းက တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ထွေးထွေးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က အဆောက်အဦသစ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်ပစ္စည်းနှင့် အလံငယ်များ၊ လက်ဆောင်ပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့်ဧည့်သည်တော်များအားပေးအပ်ခဲ့ပြီး မြို့နယ်တရားသူကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက မြို့နယ်တရားရုံးအဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
လပွတ္တာမြို့နယ်တရားရုံးအဆောက်အဦသစ်သည် အလျား ၁၈၀ ပေ၊ အနံ ၇၀ ပေ၊ သံကူ ကွန်ကရစ် နှစ်ထပ်အဆောက်အဦဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ၁၆၄၆.၄ ဖြင့် Royal Ayar Creative & Construction Co, Ltd က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။