နေပြည်တော်၊ မေ ၁၂
ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တည်ဆောက်ခဲ့သည့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တရားရုံးအဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့က အဆိုပါရုံးအဆောက်အအုံသစ် တည်ရှိရာနေရာ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်သယံဇာတဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပူတာအို (အခြေချ) ဗျူဟာမှူး၊ ကချင်ပြည်နယ်ဥပဒေချုပ်၊ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ကချင်ပြည်နယ်တရားရေးဦးစီးမှူးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ထို့နောက် ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာနှင့် သယံဇာတဝန်ကြီးဦးတိန့်ဆောင်တို့က မချမ်းဘော့မြို့နယ်တရားရုံး အဆောက်အအုံသစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ဆက်လက်၍တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ရုံးအဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်တရားရေးဦးစီးမှူးက ရုံးအဆောက်အအုံသစ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ရုံးအဆောက်အအုံတည်ဆောက်မှုမှတ်တမ်း Video Clip ကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ လေးမြို့နဒီ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြည်နယ်တရားရေးဦးစီးမှူးအား အဆောက်အအုံသစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။ ထို့နောက် ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက ပြည်နယ်သယံဇာတဝန်ကြီး၊ ပူတာအို (အခြေချ) ဗျူဟာမှူးနှင့် ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
အဆိုပါ အဆောက်အအုံမှာ အလျား ၈၂ ပေ x အနံ ၅၆ ပေ RCC (၁) ထပ်ဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဘဏ္ဍာရန်ပုံငွေကျပ် ၄၁၅ သန်းဖြင့် လေးမြို့နဒီဆောက်လုပ်ရေး ကုမ္ပဏီက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။