နေပြည်တော်၊ မေ ၂
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာမှုခင်းများစွဲဆိုလာပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုလက်ခံရေးဖွင့်ခြင်း၊ မြန်ဆန်ထိရောက်စွာကြားနာစစ်ဆေးခြင်းအပါအဝင် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ မှုခင်းများလက်ခံရေးဖွင့်ခြင်း၊ ကြားနာစစ်ဆေးခြင်းတို့နှင့်စပ်လျဉ်း၍ လက်အောက်တရားရုံးများ၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပါပြဌာန်းချက်များ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအရစွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နည်းဥပဒေများ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာ သက်ဝင်ခြင်းမရှိသေးမီ တရားရုံးများတွင် ယခင်ဥပဒေအရ စွဲဆိုစစ်ဆေးနေဆဲ မူပိုင်ခွင့်ချိုးဖောက်မှုများဆိုင်ရာ ရာဇဝတ်နှင့်တရားမမှုခင်းများ၏အခြေအနေနှင့်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ မှုခင်းများအား ဥပဒေပြဌာန်းချက်များနှင့်အညီ မှန်မှန်နှင့်မြန်မြန်ကြားနာစစ်ဆေးရန်ကိစ္စရပ်များနှင့် သက်သေခံပစ္စည်းများဆိုင်ရာတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/အငြင်းပွား/စစ်ဆေးရေး)၊ တရားမတရားစီရင်ရေးဌာန၊ ပြစ်မှုတရားစီရင်ရေးဌာနနှင့် အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကျောက်တံတားခရိုင်တရားရုံးမှ တရားသူကြီးများအပါအဝင် စုစုပေါင်း ၂၉ ဦး တက်ရောက်ကြသည်။