ကူးသန်းရောင်းဝယ်ရေးမှုခင်းဆိုင်ရာတရားရုံး အကောင်အထည်ဖော်ဆောင်ရွက်ရေးအစီအစဉ်ဖွံ့ဖြိုးမှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် USAID-PRLM တို့ပူးပေါင်း၍ “ကူးသန်းရောင်းဝယ်ရေး မှုခင်းဆိုင်ရာ တရားရုံး အကောင်အထည်ဖော်ဆောင်ရွက်ရေးအစီအစဉ်ဖွံ့ဖြိုးမှု အလုပ်ရုံဆွေးနွေးပွဲ” ကို ယနေ့နံနက် ၀၉:၀၀ တွင် နေပြည်တော်၊ Kempinski ဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်ဒေါ်တင်နွယ်စိုး တက်ရောက်အမှာစကား ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေအရ စွဲဆိုလာမည့်အမှုများတွင် တရားရုံး၏အခန်းကဏ္ဍကို ပိုမိုရှင်းလင်းစွာ သိရှိနိုင်စေရန်လည်းကောင်း၊ တရားရုံးများတွင် လက်တွေ့ဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့နိုင်စေရေးအတွက် နိုင်ငံတကာ ကျင့်သုံးပုံစနစ်များကို သိရှိနိုင်စေရန်လည်းကောင်း၊ တရားသူကြီးများနှင့်တရားရေးအရာရှိများ၏ အရည်အသွေး မြှင့်တင်ပေးနိုင် စေရန်လည်းကောင်း ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် USAID-PRLM နှင့်ပူးပေါင်း၍ ကူးသန်းရောင်းဝယ်ရေး မှုခင်းဆိုင်ရာတရားရုံး တည်ထောင်ခြင်းအတွက် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပထမအကြိမ်ကျင်းပခဲ့ပြီး၊ ယခုကျင်းပသည့် ဒုတိယအကြိမ်မြောက် အလုပ်ရုံ ဆွေးနွေးပွဲတွင် Judge David Brewer နှင့် Mr. Tim Dibble တို့က ၂၀၁၉ ခုနှစ် အသိဉာဏ်ပစ္စည်း ဆိုင်ရာဥပဒေနှင့် အမှုအမျိုးအစားများ၊ ပြန်လည်သုံးသပ်ပေးစေလိုမှု လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များ၊ ID Division ဆိုင်ရာ ကိစ္စရပ်များ၊ အကောင်းဆုံး ကျင့်သုံးမှုစံနှုန်းများ အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးမည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဥပဒေဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံး၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် တိုင်းဒေသကြီး / ပြည်နယ်အသီးသီးရှိ တရားရုံးတို့မှ တရားသူကြီးများနှင့် တရားရေးအရာရှိများ စုစုပေါင်း (၂၅) ဦး တက်ရောက်ကြပြီး၊ အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ အထိ နှစ်ရက်ကြာကျင်းပသွားမည်ဖြစ်သည်။