နေပြည်တော်၊ ဧပြီ ၅
ဒုတိယမြို့နယ်တရားသူကြီးများလုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၁) သင်တန်းဆင်းပွဲ အခမ်းအနား၊ ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ တာဝန်ပေးအပ်လွှာများအပ်နှင်းခြင်းနှင့် ကျမ်းသစ္စာပြုခြင်းအခမ်းအနားကို ယနေ့နံနက် (၈:၀၀) နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စုဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုတရားသူကြီးချုပ်က အမှာစကားပြောကြားရာ၌ သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအနေဖြင့် ပင်ကိုယ်အရည်အသွေး၊ ကြိုးစားသင်ယူမှု၊ လေ့လာလိုက်စားမှု အပတ်တကုတ်အားထုတ်မှုစသည့် ကိုယ်ရည်ကိုယ်သွေးထင်ဟပ်စေရုံသာမက တစ်ဦးချင်းအနေဖြင့်လည်းဂုဏ်တက်စေကြောင်း၊ ထူးချွန်ဆုရရှိသူများကို ကျန်တရားရေးအရာရှိများက စံနမူနာယူပြီး တရားစီရင်ရေးလုပ်ငန်းတွင် ပိုမိုကျွမ်းကျင်အောင် ကြိုးစားအားထုတ်ဆောင်ရွက်ခြင်းဖြင့် အရည်အချင်းပြည့်ဝထူးချွန်ထက်မြက်သည့် တရားသူကြီးကောင်းများဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျရာဒေသအသီးသီးသို့သွားရောက်၍ လက်တွေ့နယ်ပယ်၌ တာဝန်ထမ်းဆောင်ရာတွင်လည်း စာတွေ့၊ လက်တွေ့ အတွေ့အကြုံပေါင်းစပ်ပြီး ကျေပွန်အောင်ထမ်းဆောင်ရန်နှင့် ဆက်လက်လေ့လာဆည်းပူးကြရန်ဖြစ်ကြောင်း၊ အမှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ အကြောင်းခြင်းရာပြဿနာနှင့် ဥပဒေပြဿနာများကို ဥပဒေ၊ နည်းဥပဒေ၊ ယခင်သာဓကပြုထားသည့် စီရင်ထုံးလမ်းညွှန်ချက်များနှင့်အညီ မိမိ၏ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းကို အခြေပြု၍စီရင်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ မိမိထက်အတွေ့အကြုံရင့်ကျက်သူများ၏ တွေးခေါ်ပုံ၊ ချဉ်းကပ်ဖြေရှင်းပုံများကိုလည်း လေ့လာသင်ယူရန်တိုက်တွန်းလိုကြောင်း၊ မိမိချမှတ်သည့် စီရင်ချက်များကို ကောင်းမွန်ပြည့်စုံစေရန် အမြဲကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ သက်သေခံပစ္စည်းစီမံခန့်ခွဲမှုအပါအဝင်အမှု၏ အဆင့်တိုင်းကို အလေးအနက်ထားဆောင်ရွက်သည့်အလေ့အထကောင်းကိုလည်း မွေးမြူရန်လိုကြောင်း၊ စီရင်ဆုံးဖြတ်ရာတွင် အရေးကြီးသည့်အချက်ဖြစ်သော အဂတိတရား (၄) ပါးကင်းရှင်းပြီး တံစိုး (၃) ပါးကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ တရားသူကြီးများသည် အကျင့်၊ သီလ၊ သမာဓိ၊ ပညာဆိုသည့် သိက္ခာသုံးရပ်နှင့်ပြည့်စုံနေမှသာ ပြည်သူများက ယုံကြည်ကိုးစားအလေးထားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကချမှတ်သည့် မူဝါဒ၊ ရည်မှန်းချက်တွေကို သိရှိနားလည်သဘောပေါက်ပြီး ဌာနကအကောင်အထည်ဖော်ဆောင်ရွက်နေသည့် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ်တွေကို မျက်ချည်မပြတ်လေ့လာကာ တာဝန်ကျေပွန်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ တရားရုံးနည်းပညာအသုံးပြုလုပ်ငန်းများမြှင့် တင်ဆောင်ရွက်လျက်ရှိသဖြင့် အိုင်တီနည်းပညာနှင့် အင်္ဂလိပ်စာကိုလည်း လေ့လာဆည်းပူး ရမည်ဖြစ်ကြောင်း၊ တရားသူကြီးကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများက သင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့သူများကို ဂုဏ်ပြုဆုချီးမြှင့်ပြီး ပြည်ထောင်စုတရားသူကြီးချုပ်က သက်ဆိုင်ရာမြို့နယ်တရားရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်စေရန် လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၁) မှ ဒုတိယမြို့နယ်တရားသူကြီးများအား တာဝန်ပေးအပ်လွှာများအပ်နှင်းသည်။ ဆက်လက်၍ တာဝန်စတင်ထမ်းဆောင်မည့် သင်တန်းသား/သင်တန်းသူ တရားရေးအရာရှိများက ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများရှေ့မှောက်တွင် ကျမ်းသစ္စာပြုဆိုကြသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများနှင့် သင်တန်းသား/သင်တန်းသူများ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းတာဝန်ခံအရာရှိများနှင့် သင်တန်းသား/ သင်တန်းသူ (၈၀) ဦးတို့ တက်ရောက်ကြသည်။