နေပြည်တော်၊ ဧပြီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က အဆိုပါရုံးအဆောက်အဦသစ် တည်ရှိရာနေရာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ချီးမြှင့်သည်။
ရှေးဦးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ခရိုင်တရားသူကြီးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကန့်ဘလူခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးအဆောက်အဦသစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုံးအဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်က ရုံးအဆောက်အဦသစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ရုံးအဆောက်အဦတည်ဆောက်မှုမှတ်တမ်း VIDEO CLIP ကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ရွှေပင်အောင် ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက တိုင်းဒေသကြီးတရားရေးဦးစီးမှူးရုံး အဆောက်အဦသစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးက တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ကန့်ဘလူခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးအဆောက်အဦသည် အလျား ၁၉၄ ပေ၊ အနံ ၇၄ ပေ အကျယ်အဝန်းရှိ အာရ်စီနှစ်ထပ်အဆောက်အဦဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဘဏ္ဍာရန်ပုံငွေကျပ် ၁၇၄၅.၈၀၀ သန်းဖြင့် ရွှေပင်အောင်ကုမ္ပဏီလီမိတက်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။