စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) နှင့် တရားရေးအရာရှိများအတွက် စေ့စပ်ဖြေရှင်း‌ရေးအရာရှိသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ကျင်းပ

နေပြည်တော်၊ မတ် ၃၁

“တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်” နှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) နှင့် တရားရေးအရာရှိများအတွက် စေ့စပ်ဖြေရှင်းရေးအရာရှိ သင်တန်း (၁/၂၀၂၃) တို့ကို ယနေ့နံနက် ၉:၀၀ နာရီအချိန်တွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်စေ့စပ်ဖြေရှင်းရေး ဌာနတာဝန်ခံများက လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေကို တင်ပြဆွေးနွေးရန်နှင့် တင်ပြချက်များအရ လိုအပ်သည်များကို ကြီးကြပ်ဌာနမှ တာဝန်ရှိသူများအနေဖြင့် လမ်းညွှန်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခြင်းဖြစ်သည်။

ယင်းအစည်းအဝေးနှင့်တပါတည်းပင် စေ့စပ်ဖြေရှင်းရေးအရာရှိသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ကိုလည်း ကျင်းပသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစနစ်” ကို ၁-၈-၂၀၂၂ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းရှိ တရားရုံးအားလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စေ့စပ်ဖြေရှင်းရေးအရာရှိအဖြစ် တာဝန်ပေးအပ်မည့် တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် လိုအပ်သည့်သင်တန်းများကိုလည်း စဉ်ဆက်မပြတ်ပို့ချပေးလျက်ရှိသည်။ ယခုသင်တန်းသည် ၂၀၂၃ ခုနှစ်အတွင်း ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက ပထမဆုံးအကြိမ်ဖွင့်လှစ်သည့် စေ့စပ်ဖြေရှင်းရေးအရာရှိသင်တန်းဖြစ်သည်။

အဆိုပါသင်တန်း၌ တရားမမှုများတွင် တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ တရားရုံး၏အခန်းကဏ္ဍ၊ စေ့စပ်ဖြေရှင်းရေးဌာန၏အခန်းကဏ္ဍ၊ အမှုသည်များ/၎င်းတို့၏ကိုယ်စားလှယ်များ၏အခန်းကဏ္ဍ၊ ရှေ့နေများ၏အခန်းကဏ္ဍ၊ စေ့စပ်ဖြေရှင်းရေးအရာရှိ၏အခန်းကဏ္ဍစသည်ဖြင့် ကဏ္ဍအလိုက်ပါဝင်ဆောင်ရွက်ရမည့် အကြောင်းအရာများကို စာတွေ့ပို့ချခြင်းအပြင်၊ စေ့စပ်ဖြေရှင်းရေးသဏ္ဍာန်တူဆောင်ရွက်ခြင်းကိုပါ ထည့်သွင်းဆောင်ရွက်၍ သင်ခန်းစာပို့ချမှုများအပေါ် သင်တန်းတက်ရောက်သူများ ပိုမိုလွယ်ကူရှင်းလင်းစွာ နားလည်စေရန်ဆောင်ရွက်ပို့ချသည်။

သင်တန်းအား ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနက တာဝန်ယူပို့ချခြင်းဖြစ်ပြီး၊ သင်တန်းသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ရွေးချယ်ထားသည့် တရားရေးအရာရှိ စုစုပေါင်း (၂၀) ဦး တက်ရောက်သည်။