နေပြည်တော် ဖေဖော်ဝါရီ ၂၀
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏ (၁၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် တရားစီရင်ရာတွင် အဂတိကင်းစင်စွာနှင့် ဘက်လိုက်မှုမရှိဘဲ "ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး" မူနှင့်အညီ စီရင်ကြရန်ဖြစ်ကြောင်း၊ တရားသူကြီးများသည် မိမိတို့စောင့်ထိန်းရမည့် ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်များကို မြဲမြဲမြံမြံ စောင့်ထိန်းပြီး အသိအမြင်၊ အတွေးအခေါ်၊ စိတ်ဓာတ်၊ ခံယူချက်နှင့် အရည်အသွေးများ တိုးတက်မြင့်မားအောင် မိမိတို့ကိုယ် မိမိတို့ ပြုစုပျိုးထောင်ကြရန်ဖြစ်ကြောင်း၊ မှုခင်းများကို ဥပဒေနှင့်အညီ တရားမျှတပြီး အချိန်မီ ထိရောက်စွာ ဖြေရှင်းပေးရေးအတွက် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် တရားရုံးအဆင့်ဆင့်သို့ စွဲဆိုသည့်အမှုများ ပြီးပြတ်မှုနှုန်းကို တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရလဒ်ကောင်းများရရှိနေပြီဖြစ်၍ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားရုံးဝန်ဆောင်မှုများ၊ လက်လှမ်းမီနိုင်မှုများ၊ တာဝန်ခံယူနိုင်မှုများ တိုးတက်လာခြင်းဖြင့် အများပြည်သူတို့က တရားစီရင်ရေးကဏ္ဍအပေါ် ယုံကြည်ကိုးစားမှု တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ဘဏ္ဍာသိမ်းပစ္စည်းများ၊ သက်သေခံပစ္စည်းများ လေလွင့်ဆုံးရှုံးမှု၊ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ နယ်စပ်ဖြတ်ကျော် တရားမမှုခင်းများနှင့် စီးပွားရေးမှုခင်းများအတွက် ဒေသတွင်း တရားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအပါအဝင် ဦးစားပေးလုပ်ငန်းများ သတ်မှတ်၍ မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မှုခင်းများ စစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ရာဇဝတ် အမှုပေါင်း (၂၁၁၉) မှု လက်ခံရရှိပြီး (ယခင်နှစ်အမှုလက်ကျန် ၂၇၄ မှု အပါအဝင်) (၂၃၉၃) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၂၇၂၈) မှု လက်ခံရရှိပြီး (ယခင်နှစ်အမှုလက်ကျန် ၄၇၃ မှု အပါအဝင်) (၃၂၀၁) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ထို့ပြင် စာချွန်တော်လျှောက်ထားမှု (၄၁၈) မှု လက်ခံရရှိပြီး (ယခင်နှစ်အမှုလက်ကျန် ၁၉ မှု အပါအဝင်) (၄၃၇) မှု စစ်ဆေးပြီးပြတ် ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တရားလွှတ်တော်များမှာ ရာဇဝတ်အမှုပေါင်း (၈၁၆၆) မှု လက်ခံရရှိပြီး (၇၆၄၃) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၆၄၇၃) မှု လက်ခံရရှိပြီး (၅၃၅၁) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ခရိုင်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၂၂၆၅၃) မှု လက်ခံရရှိပြီး (ယခင်နှစ်အမှုလက်ကျန် ၁၀၀၁ မှု အပါအဝင်) (၂၃၆၅၄) မှု စစ်ဆေးပြီးပြတ် ကြောင်း၊ တရားမအမှုပေါင်း (၁၅၂၆၆) မှု လက်ခံရရှိပြီး (၁၂၇၇၇) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မြို့နယ်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၄၂၆၅၄၄) မှု လက်ခံရရှိပြီး (ယခင်နှစ်အမှုလက်ကျန် ၁၂၆၃ မှု အပါအဝင်) (၄၂၇၈၀၇) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၃၀၉၀၆) မှု လက်ခံရရှိပြီး (၂၉၃၈၂) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ဥပဒေအရတည်ထောင်သော အခြားတရားရုံး များဖြစ်သည့် ကလေးသူငယ်တရားရုံး (ရန်ကုန်နှင့်မန္တလေး) မှာ ကလေးသူငယ်ဥပဒေအရ စွဲဆို တင်ပို့သည့် အမှုပေါင်း (၅၆၂) မှု လက်ခံရရှိပြီး (၄၁၆) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ စည်ပင်သာယာ တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့မှာ စည်ပင်သာယာဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၁၀၁၉၁) မှု လက်ခံရရှိပြီး (ယခင်နှစ်အမှုလက်ကျန် ၁၁ မှု အပါအဝင်) (၁၀၂၀၂) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မော်တော်ယာဉ်တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရ စွဲဆိုတင်ပို့သည့်အမှု ပေါင်း (၁၃၁၇၉၄) မှုကို စစ်ဆေးစီရင်ခဲ့ကြောင်း၊ တရားရုံးများက စွဲဆိုသည့်အမှုများ ပြီးပြတ်မှု နှုန်းကို လျာထားချက်ထက် ကျော်လွန်အောင် စစ်ဆေးပြီးပြတ်မှသာ မှုခင်းလက်ကျန်ကျဆင်းပြီး ထိရောက်တဲ့ တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်နိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများနှင့် ခရိုင်တရားသူကြီးများ တက်ရောက်ကြသည်။ အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။