နေပြည်တော်၊ မတ် ၁၃
ခရိုင်အဆင့်တရားသူကြီးများအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာသင်တန်းကို ယနေ့နံနက် ၉:၀၀ နာရီအချိန်တွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
မြန်မာနိုင်ငံတွင် အမှတ်တံဆိပ်များနှင့်စပ်လျဉ်း၍ အသုံးပြုခြင်းဖြင့် မူပိုင်ခွင့်အကာအကွယ်ရယူသည့်စနစ် (First to Use System) ကိုသာ အစဉ်တစိုက်ကျင့်သုံးလာခဲ့ပြီး ယခုအခါ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ အဦးဆုံးလျှောက်ထားသူအား အမှတ်တံဆိပ်မှတ်ပုံတင်ခွင့်ပြုသည့်စနစ် ( First to File System) သို့ ပြောင်းလဲဆောင်ရွက်တော့မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် မူပိုင်ခွင့်တရားရုံးများကလိုက်နာရမည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပြဌာန်း ချက်များ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများစစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ခရိုင်အဆင့်တရားသူကြီးများအတွက် သင်တန်းဖွင့်လှစ် ကျင်းပရခြင်းဖြစ်သည်။
သင်တန်းတွင် ကုန်အမှတ်တံဆိပ်အကြောင်းသိကောင်းစရာ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ ရာဇဝတ်ကြောင်းဖြင့် တရားစွဲဆိုခြင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ တရားမကြောင်းဖြင့် တရားစွဲဆိုခြင်း ခေါင်းစဉ် (၃) ရပ်ဖြင့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန ညွှန်ကြားရေးမှူးနှင့်ဒုတိယညွှန်ကြားရေးမှူးတို့က ပို့ချဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/အငြင်းပွား/စစ်ဆေးရေး)၊ ပြစ်မှုတရားစီရင်ရေးဌာန၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများနှင့် ခရိုင်တရားရုံးများမှ တရားသူကြီးများ စုစုပေါင်း (၂၄၉) ဦး တက်ရောက်ကြသည်။