နေပြည်တော်၊ မတ် ၅
၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ မွန်းလွဲ ၁:၀၀ နာရီအချိန်က နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်ရှိ သာသနာ့မဟာဗိမ္မာန်တော်ကြီး၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်ကြည်ညိုပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိမဏ္ဍပ်များ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်၍ ဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။