နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
(၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တတိယနေ့ အစီအစဉ်များအား Video Conferencing စနစ်ဖြင့် ဆက်လက်ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး / ပြည်နယ်တရားရေး ဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများက မိမိတို့ရုံးအလိုက် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်သော ဦးအောင်ဇော်သိန်း၊ ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့တို့က တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ညနေပိုင်းတွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။