ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ရှေ့နေရှေ့ရပ်များအပေါ် Offsite နှင့် Onsite ကြီးကြပ်မှုလုပ်ငန်းဆိုင်ရာသင်တန်း ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄                                                       

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမတွင် တရားသူကြီးများအတွက် ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းပြုသူ (DNFBPs) များအပေါ် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြု လုပ်ငန်းခွင်ပြင်ပကြီးကြပ်ခြင်း (Offsite Monitoring)၊ လုပ်ငန်းခွင်အတွင်း ဝင်ရောက်စစ်ဆေးခြင်း (Onsite Inspection) တို့နှင့် ဆုံးရှုံးနိုင်ခြေအန္တရာယ်အကဲဖြတ်ခြင်း အသိပညာပေးသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ :၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက အမှာစကားပြောကြားခဲ့သည်။ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စောရွှေက လုပ်ငန်းခွင်ပြင်ပကြီးကြပ်ခြင်း၊ လုပ်ငန်းခွင်အတွင်း ဝင်ရောက်စစ်ဆေးခြင်းလုပ်ငန်းစဉ်များကိုလည်းကောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာနစုမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်ဇင်ခိုင်က ဆုံးရှုံးနိုင်ခြေအန္တရာယ်အကဲဖြတ်ခြင်းလုပ်ငန်းစဉ်များကိုလည်းကောင်း အသီးသီးပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာနစုမှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ရုံးဝန်ထမ်းများစုစုပေါင်း (၃၃) ဦး တက်ရောက်ခဲ့သည်။

တိုင်းဒေသကြီးတရားရေးဦးစီးမှူးများနှင့် ပြည်နယ်တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီး များနှင့် တိုင်းဒေသကြီးတရားလွှတ်တော်/ပြည်နယ်တရားလွှတ်တော်များမှ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်မည့် ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ရုံးဝန်ထမ်းစုစုပေါင်း (၂၁၃) ဦးက Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။