တရားသူကြီးများအတွက် ငွေကြေးခဝါချမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမတွင် တရားသူကြီးများအတွက် ငွေကြေးခဝါချမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၄:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက အမှာစကားပြောကြားခဲ့သည်။ ပြစ်မှုတရားစီရင်ရေးဌာန၊ ညွှန်ကြားရေးမှူး ဦးစောမျိုးမျိုးက ငွေကြေးခဝါချမှုများ၊ ငွေကြေးခဝါချမှု၏ဆိုးကျိုးများ၊ ငွေကြေးခဝါချရခြင်းအကြောင်းရင်းနှင့် ခဝါချပုံအဆင့်ဆင့်၊ ကုလသမဂ္ဂကွန်ဗင်းရှင်းများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများထိန်းချုပ်ရေးဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါပြဋ္ဌာန်းချက်များ၊ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ဆောင်ရွက်ချက်များ၊ အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) ၏အကဲဖြတ်ချက်တို့ကိုလည်းကောင်း၊ တရားသူကြီးများ သတိပြုလိုက်နာရမည့် ဥပဒေပြဋ္ဌာန်းချက်များ၊ ဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသည် FATF ၏ အကြံပြုချက်နှင့်အညီ မူးယစ်ဆေးဝါးမှုခင်းများ အဂတိလိုက်စားမှုများ (ဩဇာတိက္ကမ ရှိသူများအပါအဝင်)၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုများနှင့် အားနည်းချက်ရှိသည့်နယ်စပ်ဒေသများ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့်ဆက်နွယ်သည့် ငွေကြေး ခဝါချမှုအန္တရာယ်များကို နားလည်သိရှိမှုတိုးတက်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာနစုမှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ရုံးဝန်ထမ်း စုစုပေါင်း (၃၃) ဦး တက်ရောက်ခဲ့သည်။

တိုင်းဒေသကြီးတရားရေးဦးစီးမှူးများနှင့် ပြည်နယ်တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီး များနှင့် တိုင်းဒေသကြီးတရားလွှတ်တော်/ပြည်နယ်တရားလွှတ်တော်များမှ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်မည့် ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ရုံးဝန်ထမ်းစုစုပေါင်း (၂၁၃) ဦးက Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။