ပြည်‌ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ (၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ (၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာတွင် တရားစီရင်ရာတွင် အဂတိတရားကင်းစင်စွာဖြင့် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်အဆုံးအဖြတ်ပြုကြရန်နှင့် ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်သည် တရားမမှုများစစ်ဆေးစီရင်မှုကို အထောက်အကူပြုပြီး စွဲဆိုပြီးအမှုများမှာ အမှုသည်များကိုယ်တိုင်ဖြေရှင်းနိုင်ခွင့်ကို ရရှိစေတဲ့အတွက် တရားရုံးများက တရားမမှုများ စေ့စပ်ဖြေရှင်းရေး ပိုမိုလွှဲအပ်နိုင်ရန်နဲ့ နှစ်ဖက်အမှုသည်များ လာရောက်နိုင်စေဖို့ ကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုနှင့်သက်ဆိုင်သည့်ပြစ်မှုများ စစ်ဆေးစီရင်ရာ တွင်လည်း ဥပဒေပြဋ္ဌာန်းချက်များ၊ နိုင်ငံတော်၏လုပ်ငန်းစဉ်များကို တရားရုံးများက အလေးထားလိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တရားစီရင်ရေးတွင် ခေတ်နှင့်အညီ နည်းပညာအသုံးပြုမှုဆောင်ရွက်ခြင်းလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နည်းပညာကိုလက်လှမ်းမီဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည့်အပြင် စဉ်ဆက်မပြတ်လေ့လာဆည်းပူးကြရန်လည်း လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ပါတီနိုင်ငံရေးကင်းရှင်းကြရမည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း စာရွက်စာတမ်းလုံခြုံရေး၊ သတင်းလုံခြုံရေး ကျိုးပေါက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ ပထမနှစ်လုပ်ငန်းအစီအစဉ် (၂၀၂၃ ခုနှစ်) ရည်မှန်းချက်များ အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းနှင့် ပြည်သူအများယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဖြစ်ထွန်းရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ မှုခင်းများစစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ရာဇဝတ်အမှုပေါင်း (၁၀၇၆) မှု လက်ခံရရှိပြီး (၉၃၆) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၁၈၄၄) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၅၃ မှု အပါအဝင်) (၁၉၉၇) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တရားလွှတ်တော်များမှာ ရာဇဝတ်အမှုပေါင်း (၄၅၀၅) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၅၇ မှု အပါအဝင်) (၄၆၆၂) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၄၃၅၅) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၆၇၇ မှု အပါအဝင်) (၅၀၃၂) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများနှင့် ခရိုင်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၂၈၂၇၂) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၀၄၉ မှု အပါအဝင်) (၂၉၃၂၁) မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၂၇၄၂၈) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၄၃၈ မှု အပါအဝင်) (၂၇၈၆၆) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မြို့နယ်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၁၆၉၄၂၁) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၂၀၄၈၉ မှု အပါအဝင်) (၁၈၉၉၁၀) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၁၉၅၁၄) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၆၂၀၀ မှု အပါအဝင်) (၂၅၇၁၄) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများဖြစ်သည့် ကလေးသူငယ်တရားရုံး (ရန်ကုန်နှင့်မန္တလေး) မှာ ကလေးသူငယ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၃၈၅) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၀ မှု အပါအဝင်) (၃၉၅) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ စည်ပင်သာယာတရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး) တို့မှာ စည်ပင်သာယာဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၅၉၄၂) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၂၃၃ မှု အပါအဝင်) (၆၁၇၅) မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မော်တော်ယာဉ်တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး) တို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၄၅၅၄၇) မှုကို စစ်ဆေးစီရင်ခဲ့ကြောင်း၊ ဆက်လက်၍ မှုခင်းများကိုကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး၊  တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး၊ ခရိုင်တရားသူကြီးများသည် ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။