လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် မွမ်းမံသင်တန်းကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် “တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်” နှင့် စပ်လျဉ်း၍ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးအရာရှိများ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် မွမ်းမံသင်တန်းကို ယနေ့နံနက် ၉း၀၀ နာရီအချိန်တွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စေ့စပ်ဖြေရှင်းရေးဌာနများက တွေ့ကြုံရသည့်အခက်အခဲများနှင့် လိုအပ်ချက်များအပေါ် တင်ပြဆွေးနွေးနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပြီး၊ စေ့စပ်ဖြေရှင်းရေးအရာရှိများအနေဖြင့် စေ့စပ်ဖြေရှင်းရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် သင်တန်းကျင်းပရခြင်းဖြစ်သည်။

သင်တန်းတွင် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်မှုအဆင့်ဆင့်ကိုလည်းကောင်း၊ စေ့စပ်ဖြေရှင်းခြင်းစွမ်းရည်နှင့်ဗျူဟာကိုလည်းကောင်း၊  စေ့စပ်ဖြေရှင်းရေး သဘောတူညီချက်ရေးသားခြင်းကိုလည်းကောင်း၊  စေ့စပ်ဖြေရှင်းရေးအရာရှိ ဆောင်ရန်၊ ရှောင်ရန်ကိစ္စများကိုလည်းကောင်းပို့ချခဲ့ပြီး၊ စေ့စပ်ဖြေရှင်းရေးသဏ္ဌာန်တူလက်တွေ့ဆောင်ရွက်ခြင်း လေ့ကျင့်ခန်းကိုအုပ်စုများခွဲ၍ သင်တန်းတက်ရောက်သူ တရားရေးအရာရှိများပါဝင်လျက် ဆောင်ရွက်ခဲ့သည်။

ယင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သင်တန်းသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်စေ့စပ်ဖြေရှင်းရေးဌာနများမှ စေ့စပ်ဖြေရှင်းရေးအရာရှိများ စုစုပေါင်း (၄၆) ဦး တက်ရောက်ကြသည်။