လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တရားသူကြီးများအတွက် စေ့စပ်ဖြေရှင်းရေးအဆင့်မြင့်သင်တန်းကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၃၁

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် “တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်” နှင့်စပ်လျဉ်း၍ ၁.၈.၂၀၂၂ ရက်နေ့ မှ ၃၁.၁၂.၂၀၂၂ ရက်နေ့ထိ ၅ လတာ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တရားသူကြီးများအတွက် စေ့စပ်ဖြေရှင်းရေး အဆင့်မြင့်သင်တန်းကို ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးကကြီးမှူး၍ ယနေ့ နံနက် ၉:၀၀ နာရီအချိန်တွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက်များအပေါ် တင်ပြဆွေးနွေးနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်း အဝေးအား ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး၊ စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ တရားသူကြီးများက ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းကို ကျင်းပခြင်းဖြစ်သည်။

သင်တန်းတွင် တရားမမူလမှုများနှင့်စပ်လျဉ်း၍ စေ့စပ်ဖြေရှင်းရေးဌာနသို့ အမှုမပေးပို့မီ တရားသူကြီးများ ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်း၊ စေ့စပ်ဖြေရှင်းရေးဌာနမှ  အစီရင်ခံစာရရှိပြီးနောက်တွင် တရားသူကြီးများက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်း ပို့ချသည်။

ယင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သင်တန်းသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြား‌ရေးမှူးချုပ် (လုပ်ထုံး/အငြင်းပွား/စစ်ဆေးရေး)၊ အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ တရားရေးဦးစီးမှူးများ၊ ခရိုင်အဆင့်တရားသူကြီးများနှင့် မြို့နယ်အဆင့်တရားသူကြီးများ စုစုပေါင်း  (၁၃၈)  ဦး တက်ရောက်ကြသည်။