ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၂၅

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်ရန်နှင့် မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနအချင်းချင်းချိတ်ဆက်ဆောင်ရွက်ရန်ရည်ရွယ်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/ အငြင်းပွား/ စစ်ဆေးရေး)၊ တရားမတရားစီရင်ရေးဌာန ညွှန်ကြားရေးမှူး၊ အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာန   ညွှန်ကြားရေးမှူးနှင့်  တာဝန်ရှိသူများတက်ရောက်ကြပြီး၊ မူပိုင်ခွင့်ဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းနှင့်ဥပဒေရေးရာဌာနကြီးမှ ဌာနကြီးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ ၂/၂၀၂၂ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနအချင်းချင်းချိတ်ဆက်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဆောင်ရွက်ချက်များ၊ ရေးဆွဲဆောင်ရွက်လျက်ရှိသည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရစွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (မူကြမ်း) တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူ စုစုပေါင်း ၂၁ ဦး တက်ရောက်ကြသည်။