နေပြည်တော်၊ ဒီဇင်ဘာ ၂၃
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ချောင်းဆုံမြို့နယ်တရားရုံးသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ မြို့နယ်တရားရုံးရှိ တရားသူကြီးများ၊ ရုံးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး မြို့နယ်တရားသူကြီးမှ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ပြည်ထောင်စုတရားသူကြီးချုပ်က လိုအပ်သည်များကို မေးမြန်းမှာကြားခဲ့ပြီး တရားသူကြီးများ၊ ရုံးဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ချောင်းဆုံမြို့နယ်တရားရုံးသစ်တည်ဆောက်မည့် မြေနေရာအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မုဒုံမြို့နယ်တရားရုံး အဆောက်အဦသစ် ဆောက်လုပ်လျက်ရှိသော လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ယူတည်ဆောက်လျက်ရှိသည့် MAWLAMYINE KING Company မှ တာဝန်ရှိသူတစ်ဦးက တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည့်အပေါ် ပြည်ထောင်စုတရားသူကြီးချုပ်က စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာတည်ဆောက်ရေး၊ လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားလုပ်ဆောင်ကြရန် မှာကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် မုဒုံမြို့နယ်တရားရုံးသို့ ရောက်ရှိရာ တရားသူကြီးများနှင့် ရုံးဝန်ထမ်းများက ကြိုဆိုခဲ့ပြီး မြို့နယ်တရားသူကြီးက တရားစီရင်ရေးနှင့် စီမံ / ထောက်ပံ့ကိစ္စရပ်များကို အစီရင်ခံ တင်ပြခဲ့သည်။ ပြည်ထောင်စုတရားသူကြီးချုပ်က တင်ပြချက်များအပေါ် လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာခဲ့သည်။ အဆိုပါနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုတရားသူကြီးချုပ်သည် မော်လမြိုင်ခရိုင်တရားရုံးနှင့် မော်လမြိုင်မြို့နယ်တရားရုံးတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် မွန်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများ၊ မော်လမြိုင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ တရားသူကြီးများကို တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတရားသူကြီးချုပ်သည် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ကျိုက်မရောမြို့နယ်တရားရုံးအား ရောက်ရှိစစ်ဆေးခဲ့သည်။ မြို့နယ်တရားသူကြီးမှ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည့်အပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကာ ဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။