နေပြည်တော်၊ ဒီဇင်ဘာ ၂၀
မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ၂၀-၁၂-၂၀၂၂ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်ရှိ တရားရုံးအဆောက်အဦနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ တိုင်းမှူးဗိုလ်ချုပ် မြသက်ဦးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးတို့က အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက မွန်ပြည်နယ်တရားလွှတ်တော်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များသည် မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမအတွင်း၌ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကိုပြုလုပ်ရာ ဦးစွာဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ်နှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦသစ်နှင့်ပတ်သက်သည့် Video Clip ကို ပြသသည်။ ယင်းနောက် အဆောက်အဦနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌထံသို့ ပြည်ထောင်စု တရားသူကြီးချုပ်က မွန်ပြည်နယ်တရားလွှတ်တော်အဆောက်အဦသစ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဆောက်အဦပုံစံငယ် ကျောက်စီပန်းချီကားကို ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ပြည်ထောင်စုတရားသူကြီးချုပ်က မွန်ပြည်နယ်တရားလွှတ်တော်အဆောက်အဦသစ်ကြီးကို တရားလွှတ်တော်အင်္ဂါရပ်နှင့်အညီ ခံ့ညားထည်ဝါစွာဆောက်လုပ်ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။