ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် "(၁၀) ကြိမ်မြောက်ရုရှားတရားသူကြီးများညီလာခံ" သို့ တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ ၄

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတရားရုံးချုပ်၊ တရားသူကြီးချုပ်  H.E. Mr. Vyacheslav  Lebedev နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးများကောင်စီဥက္ကဌ  H.E. Mr. Victor Momotov  တို့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် “(၁၀) ကြိမ်မြောက်ရုရှားတရားသူကြီးများ ညီလာခံသို့  တက်ရောက်ခဲ့သည်။

“(၁၀) ကြိမ်မြောက်ရုရှားတရားသူကြီးများညီလာခံသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ အာမေးနီးယားသမ္မတနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ကျူးဘားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အီရန်နိုင်ငံ၊  ကာဇက်စတန်နိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ လွတ်လပ်သောဓနသဟာရပြည်နယ်များ၊ ယူရေးရှမ်းစီးပွားရေးပြည်ထောင်စု၊ အက်ဘ်ခါဇီးယားသမ္မတနိုင်ငံတို့မှတရားသူကြီးချုပ်များ၊ ဥက္ကဌများ၊ တရားသူကြီးများနှင့် ကော်မတီအတွင်းရေးမှူးချုပ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါညီလာခံ၌ ရုရှားနိုင်ငံ၏ လက်ရှိတရားရုံးများစနစ်ကိုသုံးသပ်အကဲဖြတ်ခြင်း၊ ၎င်းတို့၏တိုးတက်မှုရှိမည့် အလားအလာများကိုချမှတ်ခြင်းနှင့် ရုရှားနိုင်ငံ၌ ပိုမိုကောင်းမွန်သည့် တရားစီရင်မှုဖြစ်ပေါ်လာရေးနှင့်စပ်လျဉ်း၍ တရားစီရင်ရေးဆိုင်ရာအဆိုပြုချက်များကို ဖော်ထုတ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့အကြား တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေဆိုင်ရာကိစ္စရပ်များအား ဖြေရှင်းဆောင်ရွက်မှုအတွေ့အကြုံများကို အမြင်ချင်းဆွေးနွေးဖလှယ်ခဲ့ကြသည်။

(၁၀) ကြိမ်မြောက်ရုရှားတရားသူကြီးများညီလာခံသို့ ပြည်ထောင်စုတရားသူကြီးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ရုရုားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးလည်း တက်ရောက်ခဲ့သည်။ ညီလာခံတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ  H.E. Mr.  Vladimir  Putin လည်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ခရီးစဉ်အတွင်း  ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးများကောင်စီ ဥက္ကဌ H.E. Mr. Victor Momotov နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။